Powered by Blogger.

Apple က တရားဝင်မဖြန့် ချိမီမှာ iPhone 6s အတုတွေကို တရုတ်မှာ စတင်ရောင်းချနေ




Apple ရဲ့ iPhone 6s နဲ့ 6s Plus တို့ ဟာ ၂၅ ရက်နေ့ စက်တင်ဘာ မှာမှ ဆိုင်တွေကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းအတုတွေကတော့ တရုတ်နိုင်ငံတောင်ပိုင်းက တစ်ချို့ ဆိုင်တွေမှာ ပုန်းလျှိုးကွယ်လျှိုး ရောင်းချနေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း၊ Shenzhen မြို့ နည်းပညာကုန်တိုက်က ဈေးဆိုင်တွေဟာ iPhone အတုတွေကို ကောင်တာမှာ ပေါ်ပေါ်ထင်ထင် ပြသထားတာမျိုးမဟုတ်ဘဲ၊ ဆိုင်မှာရှိတဲ့ကုန်ပစ္စည်းစာရင်းထဲကနေ သိုသိုသိပ်သိပ်ထုတ်ရောင်းချနေတာ ဖြစ်ပါတယ်။

တန်ဖိုးငွေ ယွမ် ၅၈၀ ( ၉၁ ဒေါ်လာ) ရှိတဲ့ ဖုန်းအတုတွေဟာ တကယ့် iPhone ဈေးရဲ့ ဆယ်ပုံတစ်ပုံသာ ရှိပြီး ရွှေရောင်ဖုန်းအတုက အစစ်နီးပါးထင်ရပြီး နောက်ကျောမှာ ‘s’ ဆိုတဲ့ စာလုံးကိုတောင် ထွင်းထားပါသေးတယ်။ ရောင်းချသူတွေရဲ့ပြောကြားချက်အရ ဒီဖုန်းတွေဟာ Android စနစ်သုံးဖြစ်ပေမယ့် iOS display နဲ့ တူတယ်လို့ ဆိုပါတယ်။ ဖုန်းတွေဟာ အသစ်ဆိုပေမယ့် လုပ်ဆောင်ချက်လေးလံနေပြီး ဓာတ်ပုံရိုက်ရင်လည်း မှုန်ဝါးနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်မတိုင်ခင်က ဖုန်းအတုတွေ ဆိုင်ကိုရောက်လာပြီးနောက်မှာ အလုံးရေ ၁၀၀ ထက် မနည်း ရောင်းချပြီးဖြစ်တယ်လို့ သိရပါတယ်။
Apple ထုတ်ကုန်တွေရဲ့ လက်ကားရောင်းချသူတစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် Zheng Zhuangjian က ဒီဖုန်းအတုတွေကို ၀ယ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“ ငွေလည်း မလိုက်နိုင်၊ 6s လည်းကိုင်ချင်တဲ့လူတွေကတော့ ဖုန်းအတုတစ်လုံး ၀ယ်ဖြစ်ရင်ဝယ်ဖြစ်ပါလိမ့်မယ်။ 6s နဲ့ ၉၉.၉ ရာခိုင်နှုန်းလောက် ပုံပန်းတူနေတယ်လေ။ ၀ယ်တဲ့သူပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်သာ ဆိုရင်တော့ ၀ယ်မှာမဟုတ်ဘူး။ အတုကိုအားပေးရင်၊ အစစ်ကို ထိခိုက်အောင် လုပ်သလိုဖြစ်နေမှာပေါ့” လို့ Zheng က ပြောကြားခဲ့ပါတယ်။

အဆိုပါ ကုန်တိုက်အတွင်းမှာ စတိုးဆိုင်ပေါင်း ၃၀ ကျော်လောက်၊ ၁ ကီလိုမီတာအရှည်လောက် တစ်တန်းကြီး ရှိနေပြီး အကုန်လုံးက Apple ရဲ့ အဖြူရောင်ပန်းသီးတံဆိပ်ကြီးကို တပ်ထားကြပါတယ်။ ဒါပေမယ့် Apple ကုမ္ပဏီဟာ Shenzhen မြို့ မှာ တရားဝင်စတိုးတစ်ခုသာ ရှိပြီး တရားဝင်ခွင့်ပြုချက်နဲ့  ရောင်းချခွင့်ရတဲ့ဆိုင်ပေါင်းက အဲဒီကုန်တိုက်မှာ ငါးခုသာရှိတယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: ibtimes
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment