US မှာ အီလက်ထရစ်ကား အသေးစားလေးတွေကို စတင်ငှားရမ်း
အမေရိကန် ပြည်ထောင်စု မှာ Scoot Quad ဆိုတဲ့ ကုမ္မဏီတစ်ခုက ပြည်သူတွေ အဆင်ပြေတဲ့ ပို့ဆောင်ရေး စနစ်တစ်ခုကို ရရှိစေဖို့အတွက် အီလက်ထရစ် ကား အသေးလေးတွေ ငှားရမ်းတဲ့ လုပ်ငန်းကို စတင်လိုက်ပါတယ်။
ထို ကုမ္မဏီက ငှားရမ်းတဲ့ ကားလေးတွေကတော့ Nissan က ထုတ်လုပ်တဲ့ လေးဘီး လျှပ်စစ်ကား အသေးစားလေးတွေပဲဖြစ်ပါတယ်။ ဒီ အီလက်ထရစ်ကား ငှားရမ်းတဲ့ ၀န်ဆောင်မှု ကို အသုံးပြုဖို့အတွက်တော့ Scoot Quad ရဲ့ App တစ်ခုလိုပါတယ်။ ထို App က တစ်ဆင့် အသုံးပြုခွင့်ရတဲ့ ကားကို Garage မှာ ရွေးချယ်ပြီး App ကနေ တစ်ဆင့်ပဲ စတင် စက်နှိုးအသုံးပြုရမှာပါ။
ဒီကားဟာတော့ ဂေါ့ဖ်ကွင်းက ကားတွေထက်ပင် သေးငယ်နေပြီး ယာဉ်မောင်းတစ်ဦးတည်းအတွက်သာ ကျယ်ဝန်းပါတယ်။ နောက်ထပ် ခရီးသည်တစ်ယောက် အပိုခေါ်ချင်ရင်တော့ ယာဉ်မောင်း ထိုင်ခုံနောက်မှာ ထိုင်ရမှာ ဖြစ်ပြီး ခြေထောက်တွေကို ယာဉ်မောင်းရဲ့ ထိုင်ခုံ ဘေး ၂ ဘက်ကို ဆန့်တန်းထားရပါလိမ့်မယ်။
ထူးခြားတာကတော့ ဒီကားမှာ ပြတင်းပေါက်မပါပါဘူး။ မှန်တစ်ချပ်စီတပ်ဆင်ထားတဲ့ ဘေး တံခါး ၂ချပ် ပါဝင်ပြီးထိုတံခါးတွေဖွင့်လိုက်ရင်တော့ Lamborghini ပြိုင်ကားတွေလို တံခါးအဖွင့်အပိတ် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒီကားကို လမ်းတွေပေါ် မောင်းနှင်တဲ့အခါမှာ တစ်နာရီ ၂၅ မိုင်နှုန်းအထိ အမြန်ဆုံး ရောက်အောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ဒီ အီလက်ထရစ် ကားတွေရဲ့ အမည်ကိုတော့ Nissan က New Mobility Concept လို့ အမည်ပေးထားပြီး ဒီကားတွေကို ပုဂ္ဂိလိက ပြည်သူတွေ အနေနဲ့ ၀ယ်ယူလို့မရနိုင်ပါဘူး။ Scoot ကုမ္မဏီ ထံမှာသာ ငှားရမ်း အသုံးပြုနိုင်မှာပါ။ ရပ်နားထားတဲ့အခါမှာ အားပြန်သွင်းနိုင်အောင်လည်း တရားဝင်ဖွင့်လှစ်ထားတဲ့ ကားပါကင်တွေမှာ အားပြန်သွင်းနိုင်အောင် အားသွင်းစက်တွေ တပ်ဆင်ပေးထားတယ်လို့လည်း သိရပါတယ်။
ထို အီလက်ထရစ် ကားတွေရဲ့ ငှားရမ်းခကတော့ မိနစ် ၃၀ စာအတွက် ၈ ဒေါ်လာ ပဲ ကျသင့်မှာပါ။ အရေးကြီး ကိစ္စ ရှိလို့ အလျင်လိုနေသူတွေအတွက်တော့ ဘတ်စ်ကားထက် ဈေးကြီးပေမယ့် တက္ကစီ ထက် ဈေးသက်သာတဲ့ အီလက်ထရစ်ကားကို အန္တရာယ်ကင်းစွာ ငှားရမ်း မောင်းနှင်နိုင်မှာပါ။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Engadget
0 comments:
Post a Comment