Powered by Blogger.

၁၂.၉ လက်မ ဖန်သားပြင်ရှိတဲ့ iPad Pro နဲ့ iPhone 6s ၊ 6s Plus နဲ့ TV box တို့ ကို Apple စတင်မိတ်ဆက်




မနေ့ ညက San Francisco မှာပြုလုပ်ခဲ့တဲ့၊ Apple Special Event မှာ iPhones အသစ်နှစ်မျိုး၊ ၁၂.၉ လက်မ မျက်နှာပြင်ရှိတဲ့ iPad Pro နဲ့ ၁၄၉ ဒေါ်လာတန် TV box တို့ ကို Tim Cook က မိတ်ဆက် ပြသခဲ့ပါတယ်။

iPhones အသစ်နှစ်မျိုးကို 6s နဲ့ 6s Plus လို့ အမည်ပေးထားပြီး နည်းပညာအသစ်တစ်ခုဖြစ်တဲ့ 3D Touch ပါဝင်လာပါတယ်။ ရွှေရောင်၊ငွေရောင်၊ခဲရောင်နဲ့ ပန်းရွှေရောင် ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်ကာ ဟန်းဆက်အရွယ်အစားကတော့ အရင်နှစ်က iPhone အရွယ်အစားအတိုင်းပဲဖြစ်ပါတယ်။

16 GB iPhone 6s ကို ဒေါ်လာ ၆၄၉ နဲ့ စတင်ဝယ်ယူနိုင်ပြီး စက်တင်ဘာ ၂၅ ရက်နေ့ မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ ကင်မရာပိုင်းကိုလည်း မြှင့်တင်ထားပြီး 12 megapixel iSight ကင်မရာပါဝင်လာကာ 4K resolution ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

‘monster iPad’ လို့ ကောလဟာလထွက်ခဲ့တဲ့ iPad Pro ဟာ အမှန်တကယ် စခရင်အရွယ်အစားကြီးကြီးနဲ့ ထွက်ခဲ့ပြီး ၁၂.၉ လက်မမျက်နှာပြင်ရှိကာ laptop တစ်လုံးအရွယ်အစား လောက်ရှိပါတယ်။ desktop လိုမျိုး စွမ်းဆောင်ရည်ရဖို့ အတွက် ၉ ဆပိုမိုမြန်ဆန်တဲ့ chipset အသစ်ကို သုံးထားပြီး စပီကာလေးလုံးပါရှိကာ ၆.၉ မီလီမီတာ ထူပါတယ်။ Microsoft ရဲ့ Surface tablet လိုမျိုး ကီးဘုတ်ပါဝင်တဲ့ ဘူးလည်းပါရှိပါတယ်။

 ထူးခြားချက်အနေနဲ့ သွားလေသူ Steve Jobs က အပိုသက်သက်ပဲလို့ ပြောခဲ့ဖူးတဲ့ ကလောင်တံ Apple Pencil စတင်ပါဝင်လာတာကို တွေ့ ရပါတယ်။ iPad Pro အတွက် Office software ကို Microsoft က တက်ရောက်ပြသခဲ့ပြီး Adobe ကလည်း သူ့ ရဲ့ ဓာတ်ပုံပြင် software ကို တက်ရောက်ပြသပေးခဲ့ပါတယ်။ iPad Pro 32 GB မော်ဒယ်ကို ၇၉၉ ဒေါ်လာ နဲ့ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး Pencil က ၉၉ ဒေါ်လာကျသင့်မှာဖြစ်ကာ ကီးဘုတ်ကတော့ ၁၆၉ ဒေါ်လာနဲ့ သီးခြားဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Apple ဟာ TV box အသစ်ကိုလည်း ပြသခဲ့ပြီး ရီမုတ်အသစ်မှာ glass-touch မျက်နှာပြင် ပါဝင်လာကာ Apple ရဲ့ နာမည်ကျော် AI ၀န်ဆောင်မှု ‘Siri’ ခလုတ်အသစ်လည်း ပါဝင်လာတာကို တွေ့ ရပါတယ်။ Siri ပါဝင်လာတာကြောင့် သုံးစွဲသူတွေဟာ မိမိအသံနဲ့ ရီမုတ်ကို ခိုင်းစေနိုင်မှာဖြစ်ပါတယ်။ အောက်တိုဘာလထဲ စတင်ရောင်းချမှာဖြစ်ပြီး 32 GB မော်ဒယ်အတွက် ၁၄၉ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

Tim Cook ဟာ Apple Watch အကြောင်းကို ပထမဆုံးပြောဆိုခဲ့ပြီး ၀ယ်ယူသူစိတ်ကျေနပ်မှုက ၉၇ ရာခိုင်နှုန်းရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဖက်ရှင်ကုမ္ပဏီ Hermes နဲ့ အတူ လက်ပတ်နာရီ ဒီဇိုင်းအသစ်တွေကို ဖန်တီးထုတ်လုပ်နေကြောင်းလည်း Apple က ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment