ဖုန်းဖန်သားပြင်ကနေ နေရောင်ခြည်စွမ်းအင်စုပ်ယူပြီး အလိုအလျောက်အားသွင်းနိုင်မယ့် Kyocera စမတ်ဖုန်း
အခုခေတ်စမတ်ဖုန်းတွေဟာ စွမ်းအင်သုံးစွဲမှုမြင့်မားလာတာကြောင့် ဖုန်းတွေကို ခဏခဏအားပြန်သွင်းနေပေး နေရတာက ကရိကထတော်တော်နိုင်ပါတယ်။ အပြင်သွားရင်းလာရင်း ဖုန်းအားကုန်သွားတာမျိုးနဲ့ ကြုံလို့ကတော့ စိတ်ပျက်စရာပဲ။
ဒီလို ဘက်ထရီမလောက်တဲ့ပြဿနာတွေကို အတိတ်မှာချန်ခဲ့နိုင်မယ့် စမတ်ဖုန်းတစ်မျိုး ထွက်ပေါ်လာပါပြီ။
ဂျပန်လျှပ်စစ်ပစ္စည်းထုတ်လုပ်သူကုမ္ပဏီ Kyocera ဟာ ဖုန်းမှန်သားပြင်မှာတပ်ဆင်ထားတဲ့ ဆိုလာပြားကနေ ဖုန်းအတွက်လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တဲ့ စမတ်ဖုန်းဒီဇိုင်းတစ်မျိုးကို ဘာစီလိုနာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ MWC ပွဲမှာ ပြသသွားခဲ့ပါတယ်။
မျက်နှာပြင် ၅ လက်မအရွယ်ရှိတဲ့ Kyocera စမတ်ဖုန်းကို ပြင်သစ်နည်းပညာကုမ္ပဏီ SunPartner နဲ့ ပူးပေါင်း ဖန်တီးခဲ့တာဖြစ်ပြီး၊ တစ်မိနစ်စာဖုန်းပြောဖို့ လိုအပ်တဲ့စွမ်းအင်ပမာဏကို နေရောင်ထဲသုံးမိနစ်လောက် ထားပေးရုံနဲ့ ရတယ်လို့ ဆိုပါတယ်။
ဒီဖုန်းရဲ့မျက်နှာပြင်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားဟာ ကျွန်တော်တို့အပြင်မှာမြင်တွေ့နေရတဲ့ ဆိုလာပြားတွေလိုမဟုတ်ဘဲ Photovolataic လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်ကို စုပ်ယူကာ၊ လျှပ်စစ်စွမ်းအင် အဖြစ်ပြောင်းလဲပေးနိုင်တဲ့ နေရောင်ခြည်ခံအလွှာတစ်ခု ဖြစ်ပါတယ်။
WYSIPS Crystal လို့အမည်ပေးထားတဲ့ အဆိုပါနေရောင်ခြည်စွမ်းအင်စုပ်အလွှာဟာ ၀.၅၅ မီလီမီတာသာ အထူရှိပြီး၊ စမတ်ဖုန်းရဲ့ display နဲ့ touchscreen အလွှာအကြားမှာ ထည့်သွင်းထားတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့အလွှာတစ်ခု ဖြစ်ပါတယ်။ အဆိုပါ Photovoltaic အလွှာကို ချစ်ပြားတစ်ခုနဲ့ ချိတ်ဆက်ထားပြီး၊ ဖုန်းမျက်နှာပြင်ပေါ် ကျရောက်လာတဲ့နေရောင်ခြည်စွမ်းအင်ကို ဒီချစ်ပြားက လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးကာ၊ ဖုန်းရဲ့ ဘက်ထရီထဲမှာ သိုလှောင်ထားပေးနိုင်ပါတယ်။
Kyocera နေရောင်ခြည်စွမ်းအင်သုံးစမတ်ဖုန်းဟာ နေရောင်ခြည်စွမ်းအင်သက်သက်နဲ့ အသုံးပြုနိုင်တဲ့ စမတ်ဖုန်းမဟုတ်သလို၊ နေရောင်ခြည်စွမ်းအင်နဲ့ပဲ ဖုန်းအားသွင်းမယ်ဆိုရင် အချိန်တော်တော်ကြာမှာ ဖြစ်ပေမယ့်၊ အရေးတကြီး ဖုန်းအားလိုနေတဲ့အချိန်မှာတော့ အဆင်ပြေနိုင်မယ့်ဖုန်းဖြစ်ပါတယ်။
လောလောဆည်တော့ Kyocera နေရောင်ခြည်သုံးစမတ်ဖုန်းဟာ ရှေ့ပြေးဒီဇိုင်းအနေနဲ့သာ ရှိသေးပြီး၊ ဈေးကွက်ထဲ ဘယ်တော့ဝင်လာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။
အနာဂတ်တစ်ချိန်မှာ ယခုနည်းပညာဟာ ဒီထက်ပိုတိုးတက်လာပြီး၊ လုံးဝ အားပြန်သွင်းစရာမလိုတဲ့ စမတ်ဖုန်းတွေ၊ ကြိုးမဲ့အားသွင်းနိုင်တဲ့စမတ်ဖုန်းတွေ ရေပန်းစားလာဖို့ရှိနေကြောင်း သုံးသပ်တင်ဆက်လိုက်ပါတယ်။
Credit - digitaltimes.com.mm
0 comments:
Post a Comment