Powered by Blogger.

‘Autopilot’ စကားလုံးသုံးပြီး မကြော်ငြာရန် Tesla ကုမ္ပဏီကို ဂျာမနီအစိုးရ ပြောကြား


ဂျာမနီအာဏာပိုင်အစိုးရဟာ Tesla ကုမ္ပဏီကို တို့ရဲ့ကြော်ငြာတွေမှာ ‘Autopilot’ ဆိုတဲ့ စကားလုံးသုံးစွဲနေမှုကို ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

‘အလိုအလျောက်ယာဉ်မောင်းစနစ်’ ဆိုတဲ့ စကားလုံးဟာ ယာဉ်မောင်းအနေနဲ့ ကားမောင်းနေစဉ်မှာ အာရုံစိုက်စရာမလိုဘူးဆိုတဲ့ သဘောသက်ရောက်နေတာကြောင့် မသုံးဖို့ ပန်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဂျာမနီပို့ဆောင်ရေးဝန်ကြီး Alexander Dobrindt က Tesla ကုမ္ပဏီထံ သောကြာနေ့က ပေးပို့ခဲ့တဲ့စာတစ်စောင်မှာ “အလိုအလျောက်ယာဉ်မောင်းစနစ်” ဆိုတဲ့စကားလုံးဟာ ‘နားလည်မှုလွဲစေပြီး’ ဝယ်ယူသူတွေကို အထင်အမြင်မှားစေနိုင်တာကြောင့် မသုံးဖို့ မေတ္တာရပ်ခံထားတယ်လို့ ဂျာမန်သတင်းစာတစ်စောင်ဖြစ်တဲ့ Bild am Sonntag မှာ ဖော်ပြပါရှိပါတယ်။

မကြာသေးခင်တုန်းကလည်း ဂျာမနီကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက Tesla ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဒီ ‘Autopilot’ စနစ်ဟာ ယာဉ်မောင်းအထောက်အကူပြုစနစ်တစ်ခုသာဖြစ်ပြီး၊ Tesla ကားတွေဟာ ယာဉ်မောင်းရဲ့ အမြဲမပြတ်အာရုံစိုက်မှုမလိုဘဲ အလုံးစုံ အလိုအလျောက်မောင်းနှင်နိုင်တဲ့ကားတွေ မဟုတ်ကြောင်း အသိပေးချက်ထုတ်ပြန်ခဲ့ဖူးပါတယ်။

ယခုသတင်းနဲ့ပတ်သတ်ပြီး Tesla ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကုမ္ပဏီအနေနဲ့လည်း ယာဉ်မောင်းအာရုံစိုက်မှု အချိန်ပြည့်လိုကြောင်း အမြဲရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ လေယာဉ်တွေမှာလိုပေါ့။ ကောင်းကောင်းမွန်မွန်အသုံးချမယ်ဆိုရင် Autopilot စနစ်က မောင်းနှင်သူလုပ်ရမယ့် တာဝန်တစ်ချို့ကို သက်သာစေသလို၊ ယာဉ်မောင်းသူကပဲ အပြည့်အဝထိန်းချုပ်မောင်းနှင်တာထက်စာရင် လုံခြုံရေးပိုင်းပိုစိတ်ချရပါတယ်” လို့ Reuters သတင်းဌာနကို ပြောပြခဲ့ပါတယ်။

(Beauty Syh)
သစ်ထူးလွင် (နည်းပညာ)
technology.thithtoolwin.com
Ref: Reuters, The Verge



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment