ကမ္ဘာ့ပထမဆုံး 4K ရုပ်ထွက် ရမယ့် Sony ရဲ့ Xperia Z5 ဖုန်း ၃ မျိုး
Samsung နဲ့ Apple တို့လို ထိပ်တန်း စမတ်ဖုန်း ကုမ္မဏီ ကြီးတွေက နောက်ဆုံးပေါ် နည်းပညာတွေသုံးပြီး ထုတ်ကုန်အသစ်တွေ ထုတ်လုပ်ထားသလိုပဲ Sony ကလည်း စမတ်ဖုန်းအသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါပြီ။ ဒါပေမယ့်လည်း ဒီ စမတ်ဖုန်း အသစ်ဟာ Sony ရဲ့ အခြား Xperia တွေနဲ့ ခြားနားသွားတာတွေရှိနေပါတယ်။
ထို ထုတ်ကုန် အသစ်ကတော့ Xperia Z5 ဖြစ်ပြီး ထိုဖုန်းကတော့ ကမ္ဘာ့ပထမဆုံး 4K ရုပ်ထွက်ရှိတဲ့ ဖုန်းပဲ ဖြစ်ပါတယ်။ မျိုးဆက်သစ် ကင်မရာ တွေပါဝင်သလို အလွန့်အလွန် သေးငယ်တဲ့ လက်ဗွေရာ ဖတ်စက် လည်းပါဝင်လာပါတယ်။ ဒီ Xperia Z5 ဖုန်းက အရွယ်အစားပေါ်မူတည်ပြီး Z5 Premium ၊ Z5 နဲ့ Z5 Compact ဆိုပြီး ၃ မျိုး ၃စား ကွဲပြားပါတယ်။
ထို ဖုန်း ၃ မျိုးလုံးမှာ Qualcomm ရဲ့ Snapdragon 810 processor ကို အသုံးပြုထားပြီး အတွင်း သိုလှောင်ပမာဏ ကတော့ 32 GB ပါဝင်မယ်လို့ သိရပါတယ်။ microSD ကတ်ထည့်သွင်းပြီးတော့လည်း သိုလှောင် ပမာဏ ကို တိုးချဲ့နိုင်မှာ ဖြစ်ပါတယ်။ အသံထွက်အတွက်လည်း High-Resolution audio chip တွေကို သုံးထားပြီး ဘက်ထရီ သက်တမ်းကလည်း ၂ ရက်လောက်အထိ တောက်လျှောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ RAM ကတော့ Z5 Premium နဲ့ Z5 တို့မှာ 3GB ထိ ပါဝင်ပြီး Z5 Compact ကတော့ 2GB ပဲ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အရွယ် အစားတွေကတော့ Z5 Premium ဟာ ၅.၅ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင် နဲ့ ၇.၈ မီလီမီတာ အထူ ရှိပါတယ်။ Z5 ကတော့ ၅.၂ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်နဲ့ ၇.၃ မီလီမီတာ ထူပြီး Z5 Compact ကတော့ ၄.၆ လက်မ ကျယ်ဝန်းမျက်နှာပြင်နဲ့ ၈.၃ မီလီမီတာ အထူ ရှိတယ်လို့ သိရပါတယ်။ အရောင်အားဖြင့်တော့ Z5 Premium ဟာ အနက် ၊ ရွှေရောင် နဲ့ စိမ်းဝါရောင် တို့နဲ့ ရနိုင်ပြီး Z5 ကတော့ အဖြူ ၊ အနက် ၊ ရွှေရောင် နဲ့ အစိမ်းရောင်တို့ နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အသေးငယ်ဆုံးဖြစ်တဲ့ Z5 Compact ကတော့ တောက်ပတဲ့ အရောင်များစွာ နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အားလုံးရဲ့ ထူးခြားချက် ကတော့ ထုံးစံအတိုင်း ကင်မရာပဲ ဖြစ်ပါတယ်။ 23 Megapixels ရှိတဲ့ ကင်မရာ ရဲ့ ကြည်လင် ပြတ်သားမှု အပြင် ဗီဒီယိုတွေကိုလည်း 4K ပမာဏ ကြည်လင်ပြတ်သားမှု ရှိတဲ့ ရုပ်ထွက်နဲ့ ရိုက်ကူးပြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အောက်တိုဘာလအတွင်း မှာ ထို ဖုန်း ၃ လုံး စလုံးကို တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ ၀ယ်ယူနိုင်မှာဖြစ်တယ်လို့ Sony က ဆိုထားပြီး ဈေးနှုန်းကိုတော့ တရားဝင် သတ်မှတ်ပြောဆိုထာခြင်း မရှိသေးပါဘူး။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Engadget
0 comments:
Post a Comment