Powered by Blogger.

နေရောင်ခြည်စွမ်းအင်သုံးပြီး ပင်လယ်ရေကို သောက်ရေအဖြစ်ပြောင်းလဲပေးနိုင်မယ့်စက်ကို သိပ္ပံပညာရှင်တွေ တီထွင်




အမေရိကန်နိုင်ငံရဲ့နာမည်အကျော်ကြားဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT) က အဖွဲ့ တစ်ဖွဲ့ ဟာ အလွယ်တကူသယ်ဆောင်လို့ ရပြီး၊ ကမ္ဘာတစ်ဝန်းလုံးကလူတွေ အသုံးပြုနိုင်မယ့် ပင်လယ်ရေကိုရေချိုချက်စနစ်တစ်ခုကို တီထွင်လိုက်နိုင်ပါတယ်။

ကုန်ကျစရိတ်လည်း မများတဲ့ ဒီနည်းပညာဟာ ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ သောက်သုံးရေပြတ်လပ်မှုကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို အားပေးမှုပြုဖို့ အတွက် USAID အဖွဲ့ ကကျင်းပတဲ့  ၂၀၁၅ ခုနှစ် ဒေါ်လာတစ်သိန်းလေးသောင်းတန် Desal Prize ဆုကိုလည်း ရရှိခဲ့ပါတယ်။

MIT က သိပ္ပံသုတေသနပညာရှင်တွေနဲ့ အမေရိကန်အခြေစိုက်ထုတ်လုပ်ရေးကုမ္ပဏီ Jain Irrigation Systems တို့ ပူးပေါင်းတီထွင်ခဲ့တဲ့နည်းပညာမှာ ဆိုလာပြားတွေကိုအသုံးပြုထားပြီး ဘက်ထရီကနေတဆင့် လျှပ်စစ်စွမ်းအင်သုံးသန့် စင်စက်ကို စွမ်းအင်ပေးကာ ပင်လယ်ရေထဲက ဆားဓာတ်တွေကိုဖယ်ရှားပေးပြီး အဆင်သင့်သောက်သုံးနိုင်တဲ့ သောက်ရေဖြစ်အောင်ပြုလုပ်ပေးတာဖြစ်ပါတယ်။

“Electrodialysis လျှပ်စစ်သန့် စင်နည်းပညာဟာ အဖို၊အမလျှပ်စစ်ဓာတ်အားရှိတဲ့ အီလက်ထရုတ်လျှပ်ခေါင်းနှစ်ခုထဲကို ပင်လယ်ရေစီးကြောင်းတစ်ခုကိုစီးဝင်စေတာဖြစ်ပါတယ်။ ပင်လယ်ရေမှာ အဖိုနဲ့ အမ အိုင်ယွန်တွေပျော်ဝင်ပါရှိပြီး၊ ဒီလျှပ်ခေါင်းတွေက ရေထဲက အိုင်ယွန်တွေက ဆွဲငင်ယူလိုက်ပါတယ်။ ဒီနည်းနဲ့ လျှပ်ခေါင်းနှစ်ခုကြား ဖြတ်သန်းစီးဆင်းနေတဲ့ပင်လယ်ရေစီးကြောင်းရဲ့ အလယ်မှာ ရေချိုတွေသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ နောက်မှာတော့ အလွှားပါးအချပ်ကိုသုံးပြီး ရေချို ရေစီးကြောင်းနဲ့ ဆားငန်ဓာတ်ပါဝင်တဲ့ရေစီးကြောင်းတွေကို သီးခြားခွဲထုတ်ပေးလိုက်တာဖြစ်ပါတယ်” လို့ အဖွဲ့ ဦးဆောင်သူ David L.Chandler က ရှင်းပြပါတယ်။

နေရောင်ခြည်စွမ်းအင်သုံးပင်လယ်ရေသန့် စက်တွေဟာ အထူးအဆန်းတော့မဟုတ်တော့ဘဲ၊ လက်ရှိမှာ အာဏာပိုင်အစိုးရတွေဟာ သောက်သုံးရေရှားပါးတဲ့ ချီလီတို့ ကယ်လီဖိုးနီးယားပြည်နယ်တို့ လို ဒေသတွေမှာ လေ့လာစမ်းသပ်မှုတွေပြုလုပ်လျက်ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ လက်ရှိသုံးနေတဲ့နည်းပညာဟာ ကုန်ကျစရိတ်အလွန်မြင့်မားတာကြောင့် ဖွံ့ ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အသုံးပြုဖို့ အခက်အခဲတွေ့ မှာ ဖြစ်တယ်လို့ Chandler က ပြောကြားခဲ့ပါတယ်။

MIT စနစ်ဟာ ပင်လယ်ရေ ၉၀ ရာခိုင်နှုန်းကို သောက်ရေအဖြစ်ပြောင်းလဲပေးနိုင်ပြီး လက်ရှိ ရေသန့် နည်းပညာဖြစ်တဲ့ reverse-osmosis စနစ်ကတော့ ၄၀ ကနေ ၆၀ ရာခိုင်နှုန်းသာ ပြောင်းလဲပေးနိုင်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Sciencealert
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment