ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် Anonymous ဟက်ကာအဖွဲ့ က ISIS ကို စစ်ကြေငြာ
လွန်ခဲ့တဲ့သောကြာနေ့ ညက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်အပြီးမှာ ကမ္ဘာကျော် ဟက်ကာအဖွဲ့ Anonymous က ISIS ကို ဗီဒီယိုကနေတဆင့် စစ်ကြေငြာလိုက်ပါတယ်။
YouTube ပေါ်တင်ခဲ့တဲ့ Anonymous ရဲ့ ဗီဒီယိုဖိုင်မှာ Anonymous ဟာ ဟက်ကာသမား တွေ အနေနဲ့ သူတို့ ရဲ့ တိုက်ခိုက်မှုကို စတင်တော့မှာဖြစ်ကြောင်း အသိပေးရာမှာ အသုံးပြုလေ့ရှိတဲ့ ‘Expect us’ ဆိုတဲ့ စကားနဲ့  အကြမ်းဖက်သမားတွေကို သတိပေးခြိမ်းခြောက်လိုက်ပါတယ်။
“ တစ်ကမ္ဘာလုံးက Anonymous အဖွဲ့ သားတွေဟာ ခင်ဗျားတို့ ကို မရမက လိုက်တိုက်ခိုက်ပါမယ်။ Anonymous ဟာ ခင်ဗျားတို့ ကို လိုက်ရှာပြီးရင် ဒီတိုင်းလွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ သိထားပါ။ ခင်ဗျားတို့ အပေါ် အကြီးမားဆုံး တိုက်ခိုက်မှုအော်ပရေးရှင်းကို စတင်သွားမှာပါ။ ဆိုက်ဘာတိုက်ခိုက်မှု အလုံးအရင်းကို စောင့်မျှော်နေပါ။ စစ်ကြေငြာလိုက်ပါပြီ။ ခင်ဗျားတို့ အဆင်သင့်သာပြင်ထားပေတော့” လို့  အဖွဲ့ ရဲ့ အထိမ်းအမှတ်မျက်နှာဖုံးကို ၀တ်ဆင်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။
“ ပြင်သစ်ပြည်သူတွေဟာ ခင်ဗျားတို့ ထက် ကြံ့ကြံ့ခံနိုင်ပြီး ဒီ ရက်စက်ယုတ်မာမှုကြောင့် ပိုကြံ့ခိုင်စည်းလုံးမှု ရှိလာမှာပါ”
ဒါဟာ Anonymous အနေနဲ့ ISIS ကို ပထမဆုံးအကြိမ် ခြိမ်းခြောက်မှုပြုလုပ်တာမဟုတ်ဘဲ ဇန်န၀ါရီ လတုန်းက Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရပြီးမှာလည်း အလားတူခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပြီး ISIS ကို ထောက်ခံကာ ၀ါဒဖြန့် မှုတွေပြုလုပ်နေတဲ့ Twitter အကောင့်စာရင်းကို လူသိရှင်ကြားထုတ်ပြခဲ့ပါတယ်။
ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် လက်ရှိစာရင်းဇယားအရ လူပေါင်း ၁၂၉ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၄၁၅ ယောက် ဆေးရုံတင်ထားရကာ ၄၂ ယောက်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment