Powered by Blogger.

စက္ကူလေယာဉ်မှာတပ်ပြီး လေယာဉ်ကို စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်တဲ့ စက်ကိရိယာတစ်မျိုး ထွက်ပေါ်လာ




လေယာဉ်မှူးဟောင်းတစ်ယောက်ဟာ ကမ္ဘာ့ပထမဆုံး စက္ကူလေယာဉ်ကို ဒရုန်းလေယာဉ်အဖြစ် ပြောင်းပေးတဲ့ စက်ကို တီထွင်လိုက်ပါတယ်။

PowerUp FPV လို့ ခေါ်တဲ့ ဘက်ထရီအားသုံးစက်ဟာ အဆုံးနှစ်ဖက်မှာ ပန်ကာနှစ်ခုတပ်ဆင်ကာ၊ ထိပ်မှာ ရေဒီယိုလှိုင်းဖမ်းစက် (receiver) တပ်ဆင်ထားပြီး ဘယ်စက္ကူလေယာဉ်မှာမဆို တပ်ဆင်နိုင်ပါတယ်။ ဒီ့အပြင် livestream လွှင့်ပေးနေမယ့် ကင်မရာတစ်လုံးပါ ပါရှိတာမို့ အောက်က ထိန်းချုပ်မောင်းနှင်သူဟာ တကယ့် လေယာဉ်ပဲ့ခန်း ထဲမှာ ထိုင်မောင်းနေသလို ခံစားရမှာဖြစ်ပါတယ်။

လေယာဉ်မှူးဟောင်း Shai Goitein ဟာ လေယာဉ်မောင်းရတဲ့ ရင်ခုန်စရာအတွေ့ အကြုံကို လူတိုင်းကို ခံစား စေချင်တာမို့ စက္ကူလေယာဉ်မှာတပ်မောင်းရတဲ့ gadget တစ်မျိုးကို တီထွင်ခဲ့ပြီး တကယ့်လေယာဉ် မောင်းနေရသလို ခံစားမှုမျိုးပေးမယ့် virtual reality headset ကိုပါ ထည့်သွင်းထားပါတယ်။

အဆိုပါ gadget တပ်ထားတဲ့ စက္ကူလေယာဉ်ကို smartphone app တစ်ခုကနေ ထိန်းချုပ်နိုင်ပြီး ဖုန်းကို ဂိမ်းကစားသလို တိမ်းစောင်းလိုက်တာနဲ့ လေယာဉ်ရဲ့ ဦးတည်ရာကို ပြောင်းလဲနိုင်ပါတယ်။ ဒီ gadget မှာ ထောင့်အကျယ်လှည့်နိုင်တဲ့ကင်မရာတစ်လုံးလည်းပါရှိပြီး စမတ်ဖုန်းဆီကို တိုက်ရိုက် ဗီဒီယိုလွှင့်ပေးနေမှာ ဖြစ်ပါတယ်။

တစ်နာရီကို ၂၀ မိုင်နှုန်းနဲ့ ၁၀ မိနစ်တိတိပျံသန်းနိုင်ပြီး ခေတ်မီ Bluetooth နည်းပညာအကူအညီနဲ့  ပေ ၃၀၀ အကွာအဝေးထိ ထိန်းချုပ်ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီထက် မိုက်တာကတော့ တကယ့်လေယာဉ်လိုပဲ၊ စက္ကူလေယာဉ်ကို autopilot mode လည်း ပြောင်းနိုင်ပြီး လေယာဉ်က အလိုအလျောက်ပျံသန်းနေတာကို လည်း ကြည့်နိုင်မှာဖြစ်ပါတယ်။

Mr Goitein ဟာ သူ့ ရဲ့ ဆန်းသစ်တဲ့တီထွင်မှုကို ယခုအခါ ရန်ပုံငွေရှာဖွေရေးဝက်ဘ်ဆိုဒ် Kickstarter မှာ ရန်ပုံငွေရှာအစီအစဉ်တစ်ခုလုပ်ထားပြီး ဈေးကွက်ဝင်ထုတ်လုပ်နိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။

ရန်ပုံငွေအနေနဲ့ ယခုအခါ ပေါင် တစ်သိန်းနှစ်သောင်းကျော် ရရှိထားပြီး ဒီ gadget ကို ၁၅၉ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်တယ်လို့ သိရပါတယ်။

ဒါဟာ Mr Goitein ရဲ့ ဒုတိယမြောက်တီထွင်မှုဖြစ်ပြီး၊ မနှစ်ကလည်း PowerUp 3.0 ဆိုတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းထိန်းချုပ်စက္ကူလေယာဉ်ကို တီထွင်ခဲ့သူဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment