Powered by Blogger.

စိတ်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ကားကို တရုတ်သုတေသနပညာရှင်တွေ မိတ်ဆက်ပြသ




တရုတ်နိုင်ငံ၊ အရှေ့ မြောက်ပိုင်း Tianjin ဆိပ်ကမ်းမြို့ က သုတေသနပညာရှင်တွေဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး ဦးနှောက်နဲ့ ထိန်းချုပ်မောင်းနိုင်တဲ့ကားကို စတင် မိတ်ဆက်ပြသလိုက်ပါတယ်။

ဒီကားဟာ စိတ်စွမ်းအားတစ်ခုကိုပဲ  အသုံးပြုကာ မောင်းနှင်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ ပထမဆုံးကား ဖြစ်တယ်လို့  သုတေသနသိပ္ပံပညာရှင်တွေက ကြွေးကြော်လိုက်ပါတယ်။

Tianjin မြို့ ၊ Nankai တက္ကသိုလ်က ပညာရှင်အဖွဲ့ ဟာ စိတ်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ကားကို လက်တွေ့  ဖန်တီးထုတ်လုပ်နိုင်ဖို့ အတွက် အချိန် ၂ နှစ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

“စမ်းသပ်သူရဲ့ ဦးနှောက်ကလျှပ်စစ်လှိုင်း (EEG) တွေကို အာရုံခံကိရိယာ ၁၆ ခုတပ်ဆင်ထားတဲ့ ဒီပစ္စည်းကနေ ဖမ်းယူပြီး ကွန်ပြူတာဆီ ကြိုးမဲ့နည်းနဲ့ လွှင့်ပေးပါတယ်။ ကွန်ပြုတာက ဒီ အချက်ပြလှိုင်း (signals) တွေကို အမျိုးအစားခွဲကာ လူ့ ဦးနှောက်က စေခိုင်းမှုကို ပုံဖော်ဆောင်ရွက်ပါတယ်။ ထို့ နောက် ဒီလှိုင်းတွေကို ကားဆီသို့  ကွန်ပြူတာညွှန်ကြားချက်အဖြစ် ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်” လို့  Zhang Zhao က Reuters သတင်းဌာနကို ရှင်းပြခဲ့ပါတယ်။

တက္ကသိုလ်ရဲ့ ကွန်ပြူတာနဲ့ ထိန်းချုပ်အင်ဂျင်နီယာပညာဌာနက လက်ထောက်ပရော်ဖက်ဆာ Duan Feng က ဒီ ပရောဂျက်ကို ဦးဆောင်ခဲ့တာဖြစ်ပြီး ယခုနည်းပညာဟာ လူသားတွေကို ပိုမိုကောင်းမွန်တဲ့ထောက်ပံ့ စွမ်းဆောင်မှုတွေပေးဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင်မှာ Google ရဲ့ ယာဉ်မောင်းမပါ၊ အလိုအလျောက်မောင်းနှင်နိုင်တဲ့ မောင်းသူမဲ့ကားတွေနဲ့ ဦးနှောက်ထိန်းချုပ်စေခိုင်းနည်းပညာတို့ ကို ပေါင်းစပ် နိုင်တော့မှာဖြစ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

“ဒီပရောဂျက်စလုပ်ရတဲ့ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ခြေလက်အင်္ဂါတွေ ကောင်းကောင်း မလှုပ်ရှားနိုင်တဲ့ အင်္ဂါမသန်စွမ်းသူတွေအတွက် လက်တွေ၊ခြေထောက်တွေ သုံးစရာမလိုဘဲ မောင်းနှင်နိုင်တဲ့ နည်းလမ်းတစ်ခုကို ပေးစွမ်းနိုင်ဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့၊ ကျန်းမာသန်စွမ်းသူတွေအတွက် ပိုမို အဆင့်မြင့်၊ဆန်းသစ်တဲ့ ယာဉ်မောင်းနည်းလမ်းတစ်ခုကို ပေးစွမ်းနိုင်ဖို့ ဖြစ်ပါတယ်” လို့ Zhang က ပြောကြားခဲ့ပါတယ်။

တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ Great Wall Motor နဲ့ ပူးပေါင်းတီထွင်ထားတဲ့ အဆိုပါကားဟာ လက်ရှိအချိန်မှာတော့ တဖြောင့်တည်းသာ မောင်းနှင်နိုင်သေးပြီး၊ ဈေးကွက်ဝင်ထုတ်လုပ်သွားဖို့ တော့ ရည်ရွယ်ထားချက်တွေမရှိဘူးလို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Reuters

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment