Powered by Blogger.

ဒီနှစ်အတွင်းစတင်တာဝန်ထမ်းဆောင်မယ့် USS Gerald R. Ford


အမေရိကန်ရေတပ်မှာ ဒီနှစ်အတွင်းစတင် တာဝန်ထမ်းဆောင်မယ့် 'Lead Ship' သင်္ဘောတစ်စင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ USS Gerald R. Ford (CVN 78) ဖြစ်ပါတယ်။ ဒီသင်္ဘောကြီးကို ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ၃၈ယောက်မြောက်သမ္မတ Gerald R. Ford ရဲ့ နာမည်ကိုအစွဲပြုပြီး အမည်ပေးခဲ့တာ ဖြစ်ပါတယ်။

USS Nimitz ရဲ့ဒီဇိုင်းကို ဆန်းသစ်ထားတဲ့ ဒီသင်္ဘောကြီးဟာ နျူကလီးယားစွမ်းအင်သုံး အမျိုးအစား ဖြစ်ပြီး ဒေါ်လာ ၁၆ဘီလျံလောက်အကုန်အကျခံ တည်ဆောက်ထားတာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကတည်းကတည်ဆောက်ခဲ့တာဖြစ်ပေမယ့် ၂၀၀၇မှာ စတင်ကြေညာမိတ်ဆက်ခဲ့ကာ ၂၀၀၉ ခုနှစ်မှာ ရေချခဲ့တာပါ။ ဒါပေမယ့် သင်္ဘောကြီးကို အမေရိကန်ရေတပ်က လျို့ဝှက်ထားခဲ့ပြီး ၂၀၁၃မှာမှ သင်္ဘောပြီးစီးကြောင်းကြေညာခဲ့ခြင်းဖြစ်ပါတယ်။ အခုတော့ သင်္ဘောကို လာမယ့်မတ်လမှာ စတင်တာဝန်ထမ်းဆောင်ဖို့ လျာထားခဲ့ပြီဖြစ်ပါတယ်။


USS Gerald R. Ford (CVN 78) ကို Newport News, Virginia မှာ Northrp Grumman Shipbuilding က အလုပ်သမားပေါင်း ၁၉၀၀၀ကျော်နဲ့ ၂၀၀၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာမှာ Ford ရဲ့ သမီး Susan Ford Bales ကိုယ်တိုင် ရေချပေးခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာ တစ်ဝက်ခန့်ပြီးစီးပြီလို့ အစီရင်ခံခဲ့ပြီး ၂၀၁၂ ဧပြီလမှာတော့ ၇၅ရာခိုင်နှုန်းပြီးစီးခဲ့ပါတယ်။ ၂၀၁၂အောက်တိုဘာ မှာတော့ ၈၈ရာခိုင်နှုန်းပြီးစီးအောင်တည်ဆောက်နိုင်ခဲ့ပြီး ၂၀၁၃ မေလမှာတော့ မဟာဓာတ်လှေခါးပေါင်း ၁၆၂ခုကိုတပ်ဆင်ခဲ့ပြီး ကိုယ်ထည်ဆေးသုတ်တာ၊ လျှပ်စစ်ဓာတ်အားပေးစနစ်တွေတပ်ဆင်တာ၊ ရေဒါစနစ်တွေ တပ်ဆင်တာ စတဲ့ စနစ်တွေတပ်ဆင်ပြီး တစ်ရာရာခိုင်နှုန်းအပြီးသတ်ခဲ့ပါတယ်။


USS Gerald R. Ford ဟာ ပထမတန်းစားလေယာဉ်တင်သင်္ဘောဖြစ်ပြီးတော့ လုပ်ဆောင်ချက်တွေက အရင်က USS Nimitz ကိုတည်ဆောက်ခဲ့တဲ့ Nimitz-class aircraft carriers ထက် ကောင်းမွန်ပြီး လက်ရှိကမ္ဘာ့အဆင့်အမြှင့်ဆုံး လေယာဉ်တင်သင်္ဘောဖြစ်ပါတယ်။ Gerald R. Ford-class aircraft carrier အမျိုးအစားဖြစ်ပြီး အလေးချိန်တန်(၁၀၀,၀၀၀ ခန့်) ရှိမှာဖြစ်ပါတယ်။ အရှည်ကတော့ ၁၁၀၆ပေရှိပြီး အကျယ်၂၅၆ပေနဲ့ အမြင့် ၂၅၀ပေ အသီးသီးရှိမှာပါ။ အင်ဂျင်ကိုတော့ နျူကလီးယားစွမ်းအင်သုံး(A1B Nuclear Reactors) အင်ဂျင်ကိုတပ်ဆင်ထားပြီး ဝင်ရိုးလေးခုနဲ့ လည်ပတ်မှာဖြစ်ပါတယ်။ လောင်စာဆီလုံးဝ မဖြည့်ပဲ နှစ်၂၀ ကနေ ၂၅ နှစ်အထိ အကန့်အသတ်မရှိမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။


လက်နက်တွေအနေနဲ့  RIM-162 ESSM ပဲ့ထိန်းဒုံးကျည်၊ RIM-116 Rolling Airframe Missile ဒုံးကျည်နဲ့ Close-in weapon system (CIWS) လို့ခေါ်တဲ့ ရန်သူဒုံးကျည်တွေ လေယာဉ်တွေကို ပစ်ချနိုင်တဲ့ လက်နက်စနစ်တွေပါ တပ်ဆင်ထားပါတယ်။ တိုက်လေယာဉ် ၇၅စင်းထက်မနည်းသယ်ဆောင်နိုင်မှာဖြစ်ပြီး အခုနောက်ဆုံး စမ်းသပ်ဆဲဖြစ်တဲ့ လူမဲ့တိုက်လေယာဉ်တွေ ဆင်းသက်နိုင်ဖို့ပါပြုလုပ်ထားပါတယ်။ Operation Cost အနေနဲ့ နှစ်ငါးဆယ်စာအတွက် ဒေါ်လာ၎ဘီလျံကိုလျာထားပါတယ်။

တရုတ်အနေနဲ့ ရေတပ်အင်အားကိုအပြင်းအထန်ချဲ့ထွင်ဖို့ကြိုးစားနေချိန်မှာ အမေရိကန်က သူတို့ရဲ့ ၁၃စင်းမြောက်လေယာဉ်တင်သင်္ဘောကို တိုက်ပွဲဝင်စေတော့မှာဖြစ်ပါတယ်။ တရုတ်မှာလေယာဉ်တင်သင်္ဘော တစ်စင်းသာရှိသေးပြီး ယခုအမေရိကန်မှာရှိနေတဲ့ ၁၃စင်းနဲ့ယှဉ်ကြည့်နိုင်ပါတယ်။ နည်းပညာချင်းယှဉ်ရင်လည်း အမေရိကန်ကပဲ အပြတ်အသတ်သာလွန်လျက်ရှိနေတာကိုတွေ့ရမှာပါ။ ဒါကြောင့်စစ်ရေးမှာ သြဇာကြီးမားတဲ့ လေယာဉ်တင်သင်္ဘောတွေကို အားလုံးကအပြိုင်အဆိုင် တည်ဆောက်နေကြတာဖြစ်ပါတယ်။


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Wikipedia, Ford Class







Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment