ဟိုတယ်တွေမှာ အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ စက်ရုပ်
လာမယ့်အနာဂတ်မှာ ဟိုတယ်တွေမှာ သင်လိုအပ်တာတွေကို လှမ်းပြီး မှာကြားလိုက်ရင်တော့ ဟိုတယ်ဝန်ထမ်းတွေက လာပြီး ဝန်ဆောင်မှုပေးတော့မှာ မဟုတ်ပါဘူး။ သင့်ရဲ့ မှာကြားမှုတွေကိုတော့ စက်ရုပ်တွေက လာရောက်ပို့ဆောင်ပေးသွားနိုင်တော့မှာဖြစ်ပြီး သင်တည်းခိုနေတဲ့ အခန်းကို သွားတိုက်တံကအစ Starbuck ကော်ဖီအဆုံး စက်ရုပ်တွေက လာပို့ဆောင်ပေးသွားမှာပါ။
ဒီဝန်ဆောင်မှုစက်ရုပ်လေးတွေကိုတော့ အမေရိကန်နိုင်ငံက ဟိုတယ်တစ်ချို့မှာတောင် စတင်အသုံးပြုနေပြီဖြစ်ပြီး ဒေါ်လာ ၁၅ သန်းလောက် ကုန်ကျတဲ့ ဒီအစီအစဉ်ကိုတော့ လူကြိုက်များပြီး ပိုမိုရေပန်းစားလာတယ်လို့ သိရပါတယ်။
ဒီစက်ရုပ်တွေကို အခုလို ခိုင်းစေအသုံးပြုနိုင်ဖို့ Wi-Fi စနစ်နဲ့ ချိတ်ဆက်အသုံးပြုထားတာဖြစ်ပြီး 3D ကင်မရာတွေက ပို့ဆောင်ရမယ့်နေရာကို သတ်မှတ်လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို စက်ရုပ် ၁၂ ရုပ်ကိုတော့ အမေရိကန်နိုင်ငံက ဟိုတယ်တွေမှာ အသုံးပြုနေပြီဖြစ်ပြီး အကုန်အကျများလွန်းတာကြောင့် ကမ္ဘာကျော်ဟိုတယ်ကြီးငါးခုမှာပဲ အသုံးပြုနိုင်သေးတယ်လို့လည်း သိရပါတယ်။
တည်းခိုသူတွေရဲ့ မှာကြားထားတဲ့ ပစ္စည်းတွေကိုတော့ ဟိုတယ်ဝန်ထမ်းက စက်ရုပ်ထဲကို ထည့်ပေးလိုက်မှာဖြစ်ပြီး ပို့ရမယ့် အခန်းကို နှိပ်လိုက်တာနဲ့ စက်ရုပ်က ဓာတ်လှေခါးဖွင့်တာ ပိတ်တာက အစ ကြိုးမဲ့စနစ်နဲ့လုပ်ဆောင်သွားမှာဖြစ်ပြီး မှာကြားထားတဲ့အခန်းရှေ့ကို ရောက်တာနဲ့ အခန်းတွင်းက ဖုန်းက ခေါ်ဆိုပေးမှာပါ။ ဧည့်သည်ထွက်လာတဲ့အချိန်မှာတော့ အလိုအလျောက်အဖုံးဖွင့်ပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို အခန်းရှေ့အရောက် အဆင်ပြေပြေပို့ဆောင်ပေးသွားမှာလည်း ဖြစ်ပါတယ်။
သူ့ရဲ့လုပ်ဆောင်ရမယ့်အရာတွေ ပြီးဆုံးသွားချိန်မှာတော့ ဒီစက်ရုပ်ဟာ သူ့ရဲ့ အားသွင်းရမယ့်နေရာကို ပြန်လာပြီး အားသွင်းနေမှာလည်းဖြစ်ပါတယ်။ ဒီလိုစက်ရုပ်တွေ ပေါ်ထွက်လာတာက လူတွေကို သက်သာစေပေမယ့်လည်း အကုန်အကျများလွန်းနေတာကြောင့် ကျယ်ကျယ်ပြန့်ပြန့်မရှိသေးတာလည်း ဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Dailymail
0 comments:
Post a Comment