Instagram တွင် အကောင့်နှစ်ခုကို အလွယ်တကူ ကူးပြောင်းပြီး သုံးနိုင်တော့မည်
ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းက ကြားခဲ့ရတဲ့ Instagram မှာ အကောင့်နှစ်ခုသုံးနိုင်ဖို့ စမ်းသပ်နေတဲ့ ဒီသတင်းဟာဆိုရင်တော့ အခုအချိန်မှာ အမှန်တကယ်ဖြစ်လို့လာပါပြီ။ Facebook ကနေ ပိုင်ဆိုင်ထားတဲ့ ဒီဓာတ်ပုံမျှဝေတဲ့ ဝက်ဘ်ဆိုက်ဟာဆိုရင်တော့ Android ရော iOS မှာပါ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာဆိုရင်တော့ Instagram အက်ပလီကေးရှင်းရဲ့ ဗားရှင်း v7.15 မှာ ပါဝင်လာမှာလည်း ဖြစ်ပါတယ်။
သင့်အနေနဲ့ အကောင့်နှစ်ခုကို sign in ဝင်ထားနိုင်မှာဖြစ်ပြီး ကိုယ်သုံးချင်တဲ့အကောင့်ကို အလွယ်တကူ ပြောင်းပြီး သုံးနိုင်အောင် ဒီလုပ်ဆောင်ချက်က ဆောင်ရွက်ပေးမှာပါ။ သင့်အနေနဲ့ ဒီလုပ်ဆောင်ချက်ကို ရယူချင်ရင်တော့ Instagram အက်ပလီကေးရှင်းရဲ့ ဗားရှင်း v7.15 ကို ဒေါင်းလုဒ်အရင်ဆွဲရမှာပါ။ ပြီးရင်တော့ အက်ပလီကေးရှင်းရဲ့ setting ထဲကို သွားပြီး အောက်ကို ဆွဲချလိုက်ပြီး ‘Add account’ ဆိုတဲ့ လုပ်ဆောင်ချက်ကို ရွေးရမှာပါ။
ပြီးရင်တော့ ရိုးရိုး Log In အကွက်တစ်ခုကျလာမှာပါ။ အဲ့ဒီမှာ ကိုယ်ထပ်သုံးချင်တဲ့ အကောင့်ကို ရိုက်ထည့်ပြီး sign in ဝင်ရမှာဖြစ်ပါတယ်။ အဲ့လိုနဲ့ အကောင့်နှစ်ခုကို Sign In ဝင်ပြီးသားဖြစ်သွားပါလိမ့်မယ်။ အကယ်လို့ အကောင့်တစ်ခုနဲ့တစ်ခု ပြောင်းချင်ရင်တော့ သင့်ရဲ့ ပရိုဖိုင်အပေါ်ဆုံးမှာရှိတဲ့ နာမည်ကို နှိပ်ရမှာပါ။ ပြီးရင်တော့ သင် sign in ဝင်ထားတဲ့ အကောင့်နှစ်ခုကို တွေ့ပါလိမ့်မယ်။
ပြီးရင်တော့ ကိုယ်ဝင်ချင်တဲ့ အကောင့်ကိုနှိပ်လိုက်ရုံပဲဖြစ်ပါတယ်။ သင်အသုံးပြုနေချိန်မှာတော့ သင်ဘယ်အကောင့်နဲ့ သုံးနေတယ်ဆိုတာကို သိအောင် ပရိုဖိုင်ဓာတ်ပုံလေးကိုလည်း ပြသပေးနေမှာပါ။ သင့်အနေနဲ့ အခုနောက်ဆုံးထွက် Instagram ကိုတော့ Google Play Store နဲ့ App Store တို့မှာ ဒေါင်းလုဒ်ဆွဲယူရရှိနိုင်ပြီလည်း ဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Gadgets
0 comments:
Post a Comment