Samsung Galaxy S7 နှင့် S7 Edge တို့ကို လေ့လာကြည့်ခြင်း
Samsung ကတော့ Galaxy S7 နဲ့ S7 Edge တွေကို MWC မှာတရားဝင်ထုတ်ဖော် ပြသလိုက်ပြီဖြစ်ပါတယ်။
S6 နဲ့ ဒီဇိုင်းပိုင်းကွဲထွက်သွားတာမျိုးတော့ မရှိခဲ့ပေမယ့် ကင်မရာပိုင်းနဲ့ တစ်ခြားအသေးစားပိုင်းလေးတွေကို ပြန်ပြီး Upgrade လုပ်ထားတာလောက်ပဲ ရှိခဲ့ပြီး ထူးခြားတာတစ်ခုကတော့ Always on display ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းကတော့ အဆမတန်မြင့်မားလာမယ်လို့ သတင်းတွေထွက်နေပြီး ဝေဖန်မှုတွေလည်း ခံနေရပါတယ်။
Galaxy S7 မှာတော့ ၅.၁ လက်မ မျက်နှာပြင်အကျယ်နဲ့ quad HD Super AMOLED display ကို အသုံးပြုထားပြီး ပရော်ဆက်ဆာအနေနဲ့တော့ Qualcomm’s Snapdragon 820 နဲ့ Samsung က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Exynos 8890 ကို အသုံးပြုထားပါတယ်။ S7 Edge မှာတော့ ၅.၅ လက်မအကျယ် မျက်နှာပြင်ကို အသုံးပြုထားပြီး ပရော်ဆက်ဆာကတော့ S7 နဲ့ တူညီစွာပဲ သုံးစွဲထားတာဖြစ်ပါတယ်။
S7 နဲ့ S7 Edge တို့ရဲ့ အားသာချက်အနေနဲ့တော့ သူတို့ရဲ့ ပါရင်းစွဲ သိုလှောင်နိုင်မှု 32 GB / 64 GB ကို microSD card နဲ့ 200 GB အထိ တိုးချဲ့ အသုံးပြုနိုင်တာဖြစ်ပါတယ်။ သူတို့ရဲ့ IP68 လို့ အမည်ပေးထားတဲ့ ဖုန်နဲ့ ရေတွေကို ကြံ့ကြံ့ခံနိုင်မယ့် အစီအစဉ်ကတော့ ထင်သာမြင်သာ အားသာချက်အနေနဲ့ ပါဝင်လာမှာဖြစ်ပြီး မိုးရေထဲမှာလည်း ဖုန်းကို သက်တောင့်သက်သာ အသုံးပြုနိုင်မှာပါ။
ရေစိမ်ခံနိုင်စွမ်းအနေနဲ့ကတော့ ၁.၅ မီတာအနက်မှာ မိနစ်သုံးဆယ်အထိ ခံနိုင်ရည်ရှိဖို့ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ ဖုန်းရဲ့ အပေါက်တွေတိုင်းလိုလိုမှာ seal ပြုလုပ်ထားပေမယ့်လည်း USB အပေါက်နဲ့ headphone အပေါက်တွေမှာတော့ seal ပြုလုပ်ထားခြင်းမရှိတာကို တွေ့ရပါတယ်။
ဘက်ထရီတွေအနေနဲ့တော့ S7 မှာ 3000mAh နဲ့ S7 Edge မှာ 3600mAh အထိ တိုးမြှင့်လာတာကိုလည်း တွေ့ရပါတယ်။ ဒီလို ဘက်ထရီပမာဏ ကြီးကြီး ပါဝင်လာမှုဟာဆိုရင်တော့ အားသွင်းရင်ပိုပြီး အချိန်ပေးရသယောင် ထင်မြင်ရပေမယ့်လည်း အားသွင်းတဲ့နေရာမှာ ပိုပြီး မြန်ဆန်လာမယ့် ကြိုးမဲ့ အားသွင်းစနစ်နဲ့ ဖုန်းရဲ့ ဘက်ထရီအခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေအားသွင်းစနစ်တို့ကို ထည့်သွင်းပေးထားပါတယ်။
ကင်မရာအနေနဲ့တော့ ဖုန်းနှစ်ခုလုံးရဲ့ ကျောဘက်ကင်မရာတွေမှာ 12 MP ကင်မရာကို အသုံးပြုထားပြီး အရင် S6 ရဲ့ 16MP အောက်ကို ကျဆင်းသွားပေမယ့် f/1.7 aperture အလင်းဝင်ပေါက်ကို အသုံးပြုထားတာကြောင့် အလင်းအားနည်းနေတဲ့ အချိန်မှာတောင် အလင်းဝင်နှုန်းကို ၉၅ ရာနှုန်းအထိ တိုးမြှင့်ပေးသွားမယ်လို့ Sansung က ကတိပြုထားပါတယ်။ ပုံရိပ်တွေကို အမြန်ဆုံးအလျင်နဲ့ သာမန်ဖုန်းတွေထက် သုံးဆမြန်ဆန် ဖမ်းယူပေးနိုင်မယ့် dual-pixel လုပ်ဆောင်ချက်ကို အသုံးပြုထားပြီး Canon ရဲ့ DSLR ကင်မရာတွေမှာ အသုံးပြုထားတဲ့ နည်းပညာကို အသုံးပြုထားတာကြောင့် Nexus 6P နဲ့ iPhone 6S plus တို့ကို အလွယ်တကူ ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။
Android 6.0 Marshmallow စနစ်ကို ဖုန်းနှစ်ခုလုံးမှာ သုံးထားပြီး အနက်ရောင် ၊ ရွှေရောင်နဲ့ ငွေရောင်ဆိုပြီး ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Samsung ဟာ သူ့ရဲ့ နောက်ဆုံးပေါ် Galaxy မျိုးဆက်ဖုန်းနှစ်လုံးကို ဦးဆုံးဝယ်ယူနိုင်သူတွေအတွက် Samsung Gear VR Headset တွေကို လက်ဆောင်ပေးသွားမယ်လို့ ကြေညာခဲ့ပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့်နေ့ကိုတော့ အတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : The Verge
0 comments:
Post a Comment