Lenovo က လက်မှာပတ်ထားလို့ရတဲ့ဖုန်းနဲ့ စာအုပ်လိုခေါက်ထားလို့ရတဲ့ဖုန်းတွေကို ပြသခဲ့
ကျွန်တော်တို့ ငယ်ငယ်က ကစားခဲ့တဲ့ လက်မှာ ပတ်လို့ရတဲ့ ပေတံလိုမျိုးပဲ Lenovo ကလည်း လက်မှာ ခေါက်ပြီး ပတ်ထားနိုင်တဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။
ဒီရဲ့ CPlus လို့ အမည်ရတဲ့ ဖုန်းဟာ လက်မှာ ပတ်ထားနိုင်တဲ့ ဖုန်းတွေရဲ့ ကနဦးပုံစံဖြစ်သွားခဲ့ပြီး နောက်ပိုင်းမှာ အခုလို ခေါက်ဖုန်းတွေ တော်တော်များများပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။ အခုလို ခေါက်နိုင်တဲ့ဖုန်းအပြင် Lenovo ဟာ စာအုပ်လို ခေါက်ချိုးလိုက်လို့ရတဲ့ တက်ဘလက်အမျိုးအစားတစ်ခုကိုပါ Lenovo က တစ်ပါတည်း မိတ်ဆက်သွားခဲ့ပါတယ်။
လက်ပတ်ဖုန်း CPlus ဟာ ဆိုရင်တော့ မျက်နှာပြင်အကျယ် ၄.၂၆ လက်မ အကျယ်ရှိပြီး Android စနစ်သုံးဖုန်းတစ်လုံးဖြစ်ပါတယ်။ မျက်နှာပြင် Display ကို ကွေးတာကတော့ အထူးဆန်းကြီး မဟုတ်တော့ဘဲ Nokia , Samsung နဲ့ LG တို့ကလည်း ဆွဲဆန့်နိုင် ၊ ကွေးနိုင်တဲ့ မျက်နှာပြင်နဲ့ ဖုန်းတွေကို ထုတ်လုပ်ခဲ့ပြီးဖြစ်လို့ပါ။ အခုဆိုရင်တော့ Lenovo က အတွင်းမှာ ပါဝင်တဲ့ ဘက်ထရီ ၊ ပရောက်ဆက်ဆာနဲ့ မမ်မိုရီစတဲ့ ပစ္စည်းတွေကိုလည်း ကွေးနိုင်အောင် ပြုလုပ်လိုက်တာကြောင့် အခုလို လက်မှာ ပတ်လို့ရတဲ့ အဆင့်ထိ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။
နောက်ထပ် Display မျက်နှာပြင်ကို ခေါက်ချိုးနိုင်တဲ့ တက်ဘလက်အမျိုးအစား Folio ကိုလည်း Lenovo က မိတ်ဆက်ခဲ့ပါတယ်။ စာအုပ်လိုမျိုးခေါက်နိုင်တာကြောင့် ဖုန်းပြောနေချိန်မှာတော့ သာမန်ဖုန်းတစ်လုံးလို ခေါက်ပြောနိုင်ပြီး ဂိမ်းဆော့တဲ့အချိန်တွေမှာတော့ မျက်နှာပြင်ကျယ်တက်ဘလက်ပုံစံဖြစ်သွားမှာပါ။
Lenovo ကတော့ ဒီလိုမျိုး ကွေးညွှတ်နိုင်စွမ်းရှိတဲ့ ပစ္စည်းတွေကို ဥပမာသဘောအနေနဲ့သာ ပြသသွားသေးပြီး သူတို့ ဘယ်လိုပြုလုပ်ထားတယ် ၊ ဘယ်လို အသုံးပြုနိုင်တယ်ဆိုတာကိုတော့ မပြသသေးပါဘူး။ ပွဲတင်ဆက်သူကတော့ ဒီပွဲမှာ အခုလို ပစ္စည်းတွေကို ဝတ်ဆင်ပြသွားခဲ့တာဖြစ်ပြီး ဘယ်အချိန်မှာ ဈေးကွက်ထဲကို တရားဝင်ဖြန့်ချိမယ်ဆိုတာကတော့ သေချာမသိရသေးဘူးလို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : CNet
0 comments:
Post a Comment